ဝါဆိုမိုး နဲ့ ပြန်ခဲ့ပါစီးရီး City FM ဆုနှစ်နှစ်ဆက်တိုက်ရတဲ့ ဗညားဟန်
ဝါဆိုမိုးနဲ့ပြန်ခဲ့ပါစီးရီးနဲ့ City FM ဆုကို နှစ်နှစ်ဆက်တိုက် ရရှိခဲ့တဲ့ အဆိုတော် ဗညားဟန်ကို သိလိုသမျှ မေးကြည့်ဖြစ်တဲ့ အခါမှာ ခုလိုပြန်လည် ဖြေကြား လာခဲ့ပါတယ်။ ''အခုဒီနှစ်မှာ City FM ဆုကို ဝါဆိုမိုးနဲ့ပြန်ခဲ့ပါ စီးရီးနဲ့ ရရှိခဲတဲ့အတွက် ထပ်ဆင့်အစစ်လို့ ပြောချင်ပါတယ်။ အဲဒီလို ခံစားလို့ရပါတယ်။ ဝမ်းလည်းသာပါတယ်။ မနှစ်က ဝါဆိုမိုးနဲ့ပြန် ခဲ့ပါဆုရတော့ နယ်ပွဲနဲ့ တိုက်နေတော့ ဆုတက် မယူနိုင်ဘူး။ အဲဒီတော့ ပရိသတ်တွေက ဟိုထင်၊ ဒီထင် ဖြစ်ခဲ့ရတာပေါ့။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ဆုရတာတော့ တန်ဖိုးထားပါတယ်။ တန်ဖိုးရှိသည် ဖြစ်စေ၊ တန်ဖိုးမရှိသည် ဖြစ်စေ မည်သူမဆို လိုချင်ကြမှာပဲ။ လိုချင်တဲ့အထဲမှာ ကျွန်တော်လည်း ပါပါတယ်။
မနှစ်ကတော့ နယ်ပွဲမှာ ရောက်နေလို့တက်မယူနိုင်ခဲ့ဘူး။ ဒီနှစ်တော့ယူနိုင်ခဲ့ပါပြီ။ ဒီနှစ်ကဆုကတော့ ဒုတိယအကြိမ်ရတာဖြစ်ပေမယ့် ပထမဦးဆုံး တက်ယူရတာကိုတော့ ကြည်နုးမိပါတယ်။ ဆုတက်ယူခါနီး ကမောက်ကမဖြစ်ခဲ့ရမှုကတော့ ရယ်စရာတော်တော်ကောင်းပါတယ်။ ထည့်ပြောပြလို့တော့ မကောင်းဘူးပေါ့နော်။ (ရယ်လျက်) သီချင်းခွေတစ်ခွေတည်းကို နှစ်နှစ်ဆက်တိုက်ရတဲ့အတွက် ခံစားမှုကတော့ ကိုယ့် အနေနဲ့ကတော့ နှလုံးသားအက္ခရာစီးရီးနဲ့များ ရမလားဆိုတဲ့ စိတ်ကူးတော့ ရှိခဲ့တာပေါ့။ ဒါပေမယ့် ရတဲ့အခါကျတော့ ဝါဆိုမိုးနဲ့ပြန်ခဲ့ပါနဲ့ပဲ ထပ်ရတော့ သူ့ရဲ့ Demand က အခုချိန် ထိအောင် ဆက်လက် အရှိန်ကောင်းနေတယ်လို့ပဲ ယူဆရမှာပေါ့လေ။ City FM နှစ်နှစ်ဆက်တိုက် ဆုရအဆိုတော်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ဘာပြောင်းလဲ ပြင်ဆင်သင့်ပြီ သတ်မှတ်လိုက်သလဲဆိုရင် ဆုရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ပြောင်းလဲပြင်ဆင်ဖို့ ဆိုတာတော့ ကိုယ့်ကိုယ်ကိုလည်း စိတ်ကူးလည်း မရှိသေးဘူး။ မျှော်လည်း မမျှော်လင့်သေးဘူး။ ဆုရလို့ပဲဖြစ်ဖြစ်၊ မရလို့ပဲဖြစ်ဖြစ်၊ ရလို့ပြောင်းလဲမယ် ဆိုတဲ့စိတ်လည်း မရှိဘူး။ မရလို့ပြောင်းလဲမယ် ဆိုတဲ့ စိတ်လည်းမရှိဘူး။ ဆုရသည်ဖြစ်စေ၊ ဆုမရသည်ဖြစ်စေ ပရိသတ်ကို အကောင်းဆုံး တင်ဆက်ဖျော်ဖြေမယ်ဆိုတဲ့ စိတ်ကူးပဲ ရှိပါတယ်။ နေထူးနိုင်နဲ့ရိုက်တဲ့ ဂုဏ်ကြီးရှင် ဗီဒီယိုကားက ပေါက်သွားတဲ့အခါ ဘယ်လိုခံစားရသလဲဆိုရင် ဂုဏ်ကြီးရှင်ကား ပေါက်သွားတဲ့အခါကျတော့ ကျွန်တော့် သူငယ်ချင်းလို့ပဲပြောပြော၊ ကျွန်တော့် ညီလေးလို့ပဲပြောပြော၊ တစ်နယ်တည်းသားတွေ ဖြစ်တဲ့ နေထူးနိုင်အတွက် အကူအညီသဘောမျိုးနဲ့ ဝင်ရောက်ပါဝင် သရုပ်ဆောင်ပေးခဲ့တဲ့ အတွက်ကြောင့် ဂုဏ်ကြီးရှင်ကား ပေါက်တော့ သူ့အတွက်ရော၊ ကျွန်တော့်အတွက်ရော ဝမ်းသာပါတယ်။ လုပ်ရကျိုးလေး နပ်သွားတယ်လို့ပဲ ခံစားရပါတယ်။ နယ်တွေမှာ သီချင်းတောင်းတော့ ဂုဏ်ကြီးရှင် သီချင်းကို တောင်းတဲ့ အခါကျတော့ ပရိသတ်တွေက ဒီသီချင်းကို ကြိုက်နှစ်သက်တာ ဆိုတော့ ဆိုလည်း ဆိုချင်တယ်။ ဒါပေမယ့်မဆိုဖြစ်သေးဘူး။ ဒီသီချင်းကိုဆိုပြဖို့ အတွက် နုတ်စ်တွေ ဘာတွေလည်း ပြန်ရှာရဦးမယ်။ ဒီသီချင်းက ဇာတ်ဝင်တေးအဖြစ်ပဲ ဆိုလိုက်တာ ဆိုတော့ စီးရီးထဲမှာ မပါတော့ နုတ်စ်ပြန်ရှာပြီးရင်တော့ ပရိသတ်တောင်းရင် ဆိုဖြစ်မှာပါ။ အဲဒီသီချင်းလေးလည်း ခံစားလို့ရပါတယ်။ ဆိုလို့ကောင်းပါတယ်။ အဆိုတော်တွေ အနေနဲ့ ရှိုးတွေမှာ သီချင်းဆိုရင် တေးရေးဆရာတွေကို သီချင်းဆိုခ ပေးရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲဆိုရင် လက်ရှိပြီးပြီးသား အချိန်ထိတော့ ဘာမှလုပ်လို့ရမှာလဲ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလမ်းကြောင်းကြီးက လွယ်တာမှ မဟုတ်တာ။ ဒီကိစ္စတွေ တေးရေးနဲ့ပတ်သက်ပြီး ကြားနေရတဲ့ပုံစံလေးတွေ လုပ်မယ် ဆိုရင်တော့ အခုချိန်ကစပြီးတော့ ရေးတဲ့သီချင်းတွေကို ရာသက်ပန်ဖြစ်ဖြစ်၊ ဘယ်လို ပဲဖြစ်ဖြစ် အပြီးပိုင် အပြတ်ကြိုက်တဲ့ဈေးရမှ ရောင်းလိုက်ပါ။ ဟိုအရင်တုန်းက လုပ်တဲ့ပုံစံတွေကို ပြီးပြီးသားကိစ္စတွေကို အခုမှလာပြီး ဘယ်ပွဲဆိုရင် ဘယ်လောက်ပေး၇မယ် ဆိုတော့ ဘယ်သူကမှလည်း အမှန်တရားကိုပြောမှာ မဟုတ်ဘူး။ ဒါကို ကျွန်တော် ပြောရဲတယ်။ ဘယ်သူမှ မပြောချင်နေ ကျွန်တော်ပြောမယ်။ ဘယ်အဆိုတော်ကမှ နုတ်စ်တစ်အုပ် ချပြီး ကျွန်တော်၊ ကျွန်မတို့ကတော့ ဘယ်သူ့သီချင်း ဘယ်နှစ်ပုဒ် ဆိုပါတယ်။ ဘယ်သူ့သီချင်း ဘယ်မှာဆိုပါမယ် ဆိုပြီး အပြင်မှာ တေးရေးဆရာတွေကို တိကျမှန်ကန်စွာ ပြောမှာမဟုတ်ပါဘူး။ ကျွန်တော်လည်း မပြောဘူး။ တကယ်လို့မှ ကျွန်တော်တို့မှာ သီချင်းဆိုရခက်အောင် အနှောင့်အယှက် ဖြစ်လာတယ်ဆိုရင် ကျွန်တော်မဆိုဘူး။ ကိုယ့်သီချင်းပဲ ကိုယ်ဆိုမယ်။ ဒါကပြီးခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ကျွန်တော့် အမြင်ပေါ့။ ဒါကိုမှ တရားဝင်လုပ်ချင်တယ်ဆိုရင် သူရေးတဲ့သီချင်းတွေကို ကြိုက်သလောက် တောင်းလိုက်ပါ။ ကျွန်တော်တို့ ကြိုက်ရင် ဝယ်မယ်၊ မကြိုက်ရင်မဝယ်ဘူး။ အဲဒါ ကျွန်တော့်အမြင်ပါ။ ဂုဏ်ကြီးရှင်ကား ပေါက်သွားတဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ သရုပ်ဆောင်အလုပ်ကို ဆက်လုပ်ဖို့ အစီအစဉ်ရှိလား ဆိုရင် မရှိပါဘူး။ ကျွန်တော်က သရုပ်ဆောင်အလုပ်ကို သူငယ်ချင်းလို ရင်းနှီးရတဲ့ နေထူးနိုင်အတွက်မို့ လုပ်ဖြစ်တာပါ။ တခြားသူတွေနဲ့ဆိုရင်လည်း လုပ်ဖြစ်ဖို့မသေချာပါဘူး။ အခုတော့ စိတ်မပါသေးဘူး။ ဂုဏ်ကြီးရှင်ကား ထွက်လာတဲ့အခါမှာ ပရိသတ်က ဘာတွေဝေဖန်ကြလဲ ဆိုရင် တချို့ကလည်း အားပေးကြပါတယ်။ တချို့ကလည်း ဇာတ်ကားရိုက်တာထက် သီချင်းဆိုတာကို ပိုမြင်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ တချိုကလည်း ဇာတ်ကားထဲမှာ သရုပ်ဆောင်တာက အသစ်ဖြစ်ပြီးတော့ အဆိုတော်တစ်ယောက် ဖြစ်ပေမယ့် ဝင်ရောက်ပြီး သရုပ်ဆောင်တာကို သဘောကျတဲ့ လူတွေလည်း ရှိပါတယ်။ အဲဒီတော့ ပရိသတ်ဆိုတာကတော့ ကိုယ်ကြိုက်ရာ ကိုယ်ပြောကြမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အမျိုးမျိုး ကျွန်တော် အပြောခံရပါတယ်။ ဆက်ပြီးတော့ လုပ်စေချင်တဲ့ ပရိသတ်ရှိသလို၊ မလုပ်စေချင်တဲ့ ပရိသတ်လည်းရှိပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်ကြိုက်တာ ကျွန်တော်လုပ်မှာပါ။ အခုလောလောဆယ်တော့ ကျွန်တော် သရုပ်ဆောင်အလုပ်ကို ဆက်မလုပ်သေးပါဘူး။ City FM ဆုကို ကျွန်တော် ဝါဆိုမိုးနဲ့ပြန်ခဲ့ပါ စီးရီးနဲ့ နှစ်နှစ်ဆက်တိုက်ရရှိတဲ့ အတွက်ကြောင့် ပရိသတ်ကို ပြောပြချင်တာတော့ အစဉ်အလာအရ ဆိုရင်တော့ ဝါဆိုမိုးနဲ့ပြန်ခဲ့ပါကို ပရိသတ်တွေ အခုချိန်ထိ လက်ခံခြင်းကို ခံနေရတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ပါ။ ကျွန်တော် ဒီဆုကိုရတာပါ။ အဲဒီအတွက် ပရိသတ်တွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ နောက်ပြီးတော့လည်း လက်ရှိ ပန်းခြွေသောမိုး ဆိုတာလည်း ခုလက်ရှိ ထွက်နေပါပြီ။ ပရိသတ်တွေအနေနဲ့ အဲဒီအခွေလေးတွေလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်'' KZY