စီးပွားရေးလုပ်ငန်း ကြော်ငြာများ ဖြေဖျော်ရေးပုံစံသို့ ပြောင်းလဲ
မိုးယံ LIVE SHOW VCD ခိုးကူးများလည်း စိတ်ဝင်စားခဲ့ကြ စီးပွားရေး လုပ်ငန်း ကြော်ငြာများသည် စီးပွားရေး ဆန်ဆန် ကြော်ငြာနေခြင်း များထက် (၂ဝ၁ဝ)ခုနှစ်အတွက် ဖြေဖျော်ရေး ပုံစံသို့ ပြောင်းလဲ လာနေကြောင်း မိုးယံ LIVE SHOW VCD မှ သက်သေ ထူလိုက်သည်။ မိုးယံ LIVE SHOW VCD သည် အခကြေးငွေနှင့် ရောင်းချခြင်းမျိုး မဟုတ်ဘဲ မိုးယံ ထီချစ်သူများအား အခမဲ့ မေတ္တာလက်ဆောင် ပေးခြင်း ဖြစ်သည်။ သို့သော် မိုးယံ LIVE SHOW သည် ထီကြော်ငြာ သက်သက် မဟုတ်။ ရန်ကုန် ကမ်းနားလမ်းရှိ Strand Hotel တွင် ကျပ်သိန်း တစ်ထောင် ကံထူးရှင်ဂုဏ်ပြုပွဲ ပြုလုပ်ရာ၌ ဖြေဖျော်ရေး ပုံသဏ္ဌာန် တင်ဆက်သွားခဲ့ခြင်း ဖြစ်သည်။
အစီအစဉ်မှူးများ အဖြစ် ချစ်ကောင်း၊ တင်မိုးလွင်တို့ ဆောင်ရွက်ခဲ့သော မိုးယံ LIVE SHOW တွင် နာမည်ကြီး အဆိုတော်များ ဖြစ်ကြသည့် R ဇာနည်၊ ဇော်ပိုင်၊ ထွန်းအိန္ဒြာဗို အစရှိသည့် အဆိုတော်များက ပါဝင်တင်ဆက် ဖြေဖျော်ခဲ့သော်လည်း မိုးယံ LIVE SHOW VCD တွင်မူ နာမည်ကြီး အဆိုတော်များ၏ ဖြေဖျော်ရေးသီချင်းများ မပါဝင်။ မိုးယံနှင့် ပတ်သက်သည့် သီချင်းများချည်း ဖြစ်သည်။ သို့သော် မိုးယံနှင့်ပတ်သက်သည့် သီချင်းများကို ဖြေဖျော်ရေးပုံစံဖြင့် တင်ဆက်သောအခါ လူကြိုက်များကာ ခိုးကူးများပါ အကြိုက်တွေ့ခဲ့ခြင်းဖြစ်ဟန် တူသည်။ မိုးယံ LIVE SHOW VCD အတွက် စိုင်းအောင်ထီးခမ်း၊ စန္ဒီမြင့်လွင်၊ ထူးအယ်လင်း၊ ချမ်းချမ်း၊ ဘရိတ်ကီ၊ ခင်ဘုဏ်း၊ စောဖိုးခွား၊ Regee၊ ဝိုင်းစုခိုင်သိန်းနှင့် Group သီချင်းတစ်ပုဒ် ပါဝင်ခဲ့သည်။ တေးရေးများမှာ ခန့်မော်၊ အစောင်းမန်း၊ စနို၊ ရယ်ဂျီ၊ စောခူဆဲလ်၊ စောဖိုးခွား၊ Regee၊ စံပီးတို့ ရေးဖွဲ့ထားကြခြင်းဖြစ်သည်။ ဒါ့အပြင် သျှန်ထွန်း(မြန်မာစာ)၊ မင်းဇော်၊ နိုင်မြန်မာတို့၏ ကြော်ငြာသီချင်း (၃)ပုဒ်ကို ခင်လှိုင်၊ စိန်ဝင်းထွန်း၊ ဗညားဟန်တို့ သီဆို ထားသည်ကိုလည်း MTV အဖြစ် ထည့်သွင်းထားသည်။ သရုပ်ဆောင်များမှာ ကျော်ထူး၊ ခင်လှိုင်၊ ဇေယျ၊ ခိုင်ပွင့်နှင့် မော်ဒယ်များဖြစ်သည်။ Bonus အဖြစ်လည်း ချစ်ကောင်း၊ ဘရိတ်ကီ၊ စောဖိုးခွား တို့၏ သီချင်းတစ်ပုဒ်လည်း ထည့်သွင်းပေးထားသည်။
မိုးယံသည် ထီကြော်ငြာ အစီအစဉ်သီချင်းများကို ဖြေဖျော်ရေးပုံစံ ပြောင်းလဲ တင်ဆက်သောအခါ ကြော်ငြာကို ကြော်ငြာလို့ မမြင်ကြတော့။ ဒါကြောင့်လည်း လူကြိုက်များကာ ခိုးကူးများက မျက်စိကျသွားခဲ့ခြင်း ဖြစ်ဟန်တူသည်။