Business - Vol2 No.95
(၂ဝ၁ဝ)ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ဝါဆို၍ ဝါဝင်တော့မည် ဖြစ်သောကြောင့် မြန်မာ မိသားစုများက ရှေးမိရိုးဖလာ အစဉ်အလာမပျက် အိမ်တွင်း နတ်မောင်နှစ် မ ကိုးကွယ်မှု ပြုလုပ်တတ်ကြစမြဲ ဖြစ်သောကြောင့် လျှပ်တစ်ပြက် စာဖတ်ပရိသတ်များ ဗဟုသုတ အဖြစ် သိရှိစေခြင်းငှာ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးရှိ အုန်း၊ ငှက်ပျော အရောင်းဆိုင် များသို့ သွားရောက်၍ အုန်း၊ ငှက်ပျောဈေးနှုန်းများ သိရှိရန် ဦးခင်မောင်ဝင်း (မရမ်းကုန်း) ဆိုင်အမှတ် (၈၄-၈၅-၈၆)ထံ သွားရောက် သတင်းမေးမြန်း ခဲ့သမျှကို တင်ပြ ရေးသားလိုက်ပါတယ်။
ဦးခင်မောင်ဝင်းခင်ဗျာ . . (၂ဝဝ၉)ခုနှစ်နှင့် ယခု(၂ဝ၁ဝ)ခုနှစ် အုန်း၊ ငှက်ပျောဈေးနှင့် ဝါဝင်ခါနီး အိမ်တွင်းနတ် ကိုးကွယ်ကြသောအချိန် ကျရောက်ခါနီးပြီ ဖြစ်သဖြင့် အုန်း၊ ငှက်ပျောရောင်းဝယ် ဖောက်ကားမှု ဈေးနှုန်း အခြေအနေလေးကို ရှင်းပြပေးပါလား ခင်ဗျား။
ဒီနှစ်ဆိုရင် စီးပွားရေး အနေအထားကြောင့် သိပ်မလုပ်နိုင်ကြတော့ အရောင်းအဝယ် မသွက်လက်ဘူး။ အရောင်းအဝယ် မသွက် လက်တဲ့အခါကြောင့် ငှက်ပျောသီး ဈေး နှုန်းတွေကျလာတယ်။ ငှက်ပျောသီး ရှား လာတယ်။ ဖီးကြမ်းငှက်ပျောသီး လက်လီ ဈေးက ကျပ်(၇ဝဝ)လောက်ပေါက်တယ်။ အဲဒါ က ကျွန်တော်တို့ ကြည့်မြင်တိုင်ဈေး ထက်ပိုပြီး လက်လီလက်ကား ဖြန့်ချိရောင်းချကြတဲ့ ဗားဂရာဆိပ်ကမ်းငှက်ပျော သီးတန်းရဲ့ ပွဲစားတွေ ဈေးခေါ်လှုပ်ရှားနေမှု တွေဖြစ်တယ်။ သူတို့ဆီမှာ အုန်းသီးကို တစ်လုံးချင်းရွေးယူရင် (၁ဝဝဝ)ကျပ် လောက်ရောင်းတယ်။ အုန်းသီးကို မရွေးရင် (၅ဝဝ)ကျပ်နဲ့ရောင်း ကြတယ်။ အိမ်တွင်းနတ် တင်ဖို့ကတော့ ရခိုင်လည်း တင်တယ်၊ ဖီးကြမ်းလည်းတင်တယ်။ ကိုယ်ကြိုက်နှစ်သက်ရာ တင်ကြတာကိုး၊ ရခိုင်ငှက်ပျောဈေးနဲ့ ဖီးကြမ်းငှက်ပျောဈေးက အတူတူပဲ။ (၇ဝဝ)ကျပ် ဈေးပေါက်တယ်။ ရွှေငှက်ပျော၊ ငွေငှက်ပျောလည်း တစ်ဖီး (၁၂ဝဝ)၊ (၁၅ဝဝ)ကျပ်ပေါက်တယ်။ မနှစ်က အခုဈေးထက်ပိုကြီး တယ်။ ယခုနှစ်က ဈေးနည်းနည်းကျတယ်လို့ပြောရမှာပဲဗျာ။
အုန်းသီး၊ ငှက်ပျောသီးတွေက ဘယ်ကလာတာလဲ၊ တစ်ခါလာရင် အုန်း၊ ငှက်ပျော၊ ဘယ်လောက် သယ်ဆောင် ယူလာကြတာလဲ ခင်ဗျား။ အုန်း၊ ငှက်ပျောတွေ ရန်ကုန်သို့ တစ်နေ့ ဘယ်လောက် ဝင်ပါသလဲ။
အုန်းသီး၊ ငှက်ပျောသီးတွေက လှေ၊ စက်လှေ၊ သင်္ဘောတွေနဲ့ ကိုယ်အဆင်ပြေ သလို ဧရာဝတီတိုင်း လာကြတာ ဖြစ်တယ်။ ငှက်ပျောသီးက ကျုံပျော်ကထွက်တယ်။ အုန်း သီးက ဘိုကလေး၊ လပွတ္တာအုန်းသီးက ရန်ကုန်ကို တစ်နေ့ မော်တော်(၃)စီးဝင် တယ်။ မော်တော်တစ်စီးကို အုန်းသီးအလုံး(၃ဝဝဝဝ)သုံးသောင်းလောက်ပါတော့ မော်တော် (၃)စီးဆိုတော့ အုန်းသီးအလုံးရေ(၉ဝဝဝဝ)ကိုးသောင်းလောက်ပါလာတာပေါ့။ ငှက်ပျော သီးက တစ်နေ့ကို မော်တော်(၇)စီးလောက် ဝင်တယ်။ မော်တော်တစ်စီးကို ငှက်ပျော အခိုင်(၅ဝဝဝ)မှ (၁ဝဝဝဝ)ငါးထောင်မှ တစ်သောင်းအထိ ပါတယ်။
ယခု ဇူလိုင်နောက်ဆုံးပတ်ဆို ဝါဝင်တော့မယ်။ ဝါဝင်မှာ ငှက်ပျော၊ အုန်းအရောင်းအဝယ် အခြေအနေ ဘယ်လိုရှိပါသလဲ။
ဒီနှစ်က ဝါက နှစ်ခါထပ်သွားတော့ မထူးပါဘူး။ အရင်ရောင်းချသလောက်ပဲ ရောင်းရတယ်။ မလုပ်မဖြစ်လို့ လုပ်ကြတယ်ဆိုပေမဲ့ လူတွေက ရိုးရာကို သိပ်အလေး မထားကြတော့ဘူး။
ဒီတော့ အိမ်တွင်းနတ်အုန်းလုပ်ချင်တဲ့ လူရှိတယ်။ မလုပ်ချင်တဲ့ လူရှိတယ်။ ဟိုးအရင်နှစ်တွေက မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေ လုပ်ရမယ်။ ဘိုးဘွား စဉ်ဆက် အယူတွေရှိခဲ့ပေမဲ့ ယခုအခါကျတော့ လူငယ်တွေ၊ လူလတ်ပိုင်းတွေက အဲဒီ အယူမရှိကြတော့ဘူး။ တဖြည်းဖြည်း ပျောက်ကွယ် တိမ်ကောသွားပြီ၊ လူကြီးတွေကလည်း အိမ်တွင်းအုန်း လဲမယ်ဟေ့၊ ဆွမ်းတင်မယ်ဟေ့ ဆိုတာလောက်ပဲ ရှိတော့တယ်။ လူငယ် တွေကျပြန်တော့ ဝါဝင်ရင်ဝင်ပါစေ၊ ဘာဖြစ်လဲ၊ ဘယ်သူနဲ့ စာချုပ်ချုပ်ထားလို့လဲ။ မိရိုးဖလာ စဉ်ဆက်လုပ်ကြရတာမို့ လုပ်ရတာပဲ။ ဒါပေမဲ့ အုန်း၊ ငှက်ပျောဈေးက ကြီးတယ်။ မဝယ်တော့ဘူး။ အိမ်တွင်းအုန်း မဆွဲတော့ဘူး။ မဝယ်တော့ဘူးဆိုတဲ့ လူတွေများလာတယ်။
အဲဒီတော့ အုန်း၊ ငှက်ပျောအရောင်းအဝယ် ကောင်းတယ်ဆိုတာ မရှိတော့ဘူး။ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေက မိရိုးဖလာကို ထက်ထက်မြက်မြက်နဲ့ ဝါဝင်ကာလမှာ အိမ်တွင်းအုန်းလဲမယ်။ ဆွမ်းတင်မယ်။ ဝါဆိုသင်္ကန်းကပ်မယ်ဆိုတဲ့ ဘာသာ၊ သာသနာရေး အတွက် အရင်နှစ်တွေက လုပ်ကြပေမဲ့ ဒီနှစ်တော့ အတော်အသင့် နည်းသွားတယ်။ ကျွန်တော်တို့ ဆိုင်ငှက်ပျော အုန်းဆိုင်တန်းဟာ လမ်းမတန်းမှာ ဖြစ်နေလို့ လမ်းလျှောက်သွားတဲ့လူ (၁ဝဝ)မှာ တစ်ယောက်လောက်ပဲ ဈေးဝယ်တာ ရှိတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက အုန်းသီး၊ ငှက်ပျောသီးကို မင်္ဂလာရှိတဲ့ ဘယ်အခမ်းအနားမှာ ဖြစ်ဖြစ် တန်ဖိုး ထားခဲ့ကြပေမဲ့ ယခုအခါ သိပ်တန်ဖိုး မထားကြတော့ပါဘူး။
ကျွန်တော်က ငှက်ပျောသီးသည် ဆိုပေမဲ့ လူငယ်တွေကို ရှင်းပြရတယ်။ ဘယ်လိုရှင်းပြသလဲဆိုရင် ဘာသာသာသနာ ဆိုတာ တိမ်ပျောက်လို့မရဘူး။ ဒါတွေက လုပ်ရကိုင်ရတယ်။ တရားနာချင်ရင် ဝိပဿနာ လုပ်ချင်ရင် ဝိပဿနာလုပ်သူ တွေဆီသွား၊ ဒါဘာသာ သာသနာပျက်လို့ မရဘူး။ ဒါဘာသာရေး သက်သက် သွားတဲ့လိုင်း၊ ဝိပဿနာက ခန္ဓာဉာဏ်ရောက်ကြောင်းတရား၊ ကိုယ်ကသာသနာအတွက် ကို လုပ်ပေးတာ၊ မြင်အပ်မမြင်အပ်ပုဂ္ဂိုလ် တွေအတွက်၊ သာသနာအတွက် ပွဲထိုးပေး တာ၊ ကျွန်တော်က ခန္ဓာဉာဏ်ရောက်ကြောင်း တရားလုပ်နေတာ။ အိမ်တွင်းအုန်းဆွဲတာ အပိုအလုပ်တွေပါ။ ကျွန်တော် ပွဲမတင်တော့ဘူး၊ မလုပ်တော့ဘူးဗျာ ပြောတဲ့အတွက် အုန်း၊ ငှက်ပျောမ ရောင်းရတာ ထားတော့၊ ဘာသာ၊ သာသနာတိမ်ကော သွားမှာတော့ ကြောက်တယ်။ လူငယ်တွေ ပျက်စီးသွားမှာစိုးရိမ်တယ်။ ဘုရား၊ တရား၊ သံဃာ၊ ဆရာ၊ မိဘ၊ ရိုသေတတ်မှုနည်းလာတယ်။ လူကြီးသူမရှေ့မှာ ရိုသေမှုနဲ့ ငုံ့သွားရတာ၊ ခါးကုန်းသွား ရတို့မှ အစ တဖြည်းဖြည်းပျောက်သွားနေပြီဗျာ။
ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဟာ ဘာသာ၊ သာသနာတိမ်ပျောက်လို့ မရဘူး။ မြတ်စွာဘုရားကို အသက်ထက်ဆုံး ကိုးကွယ်လာခဲ့ကြတာဖြစ်တယ်။ အုန်းသီး၊ ငှက်ပျောသီးလာဝယ်တဲ့ လူတိုင်းကိုလည်း ကိုယ့်ပစ္စည်း ရောင်းရသည်ဖြစ်စေ၊ မရောင်း ရသည်ဖြစ်စေ ကျွန်တော်ကတော့ အမြဲတမ်း လူငယ်တွေကို ရှင်းပြပါတယ်။ ဘုရား ရှင်ထံ ဒီကန်တော့ပွဲ တင်ကပ်ကြည့်ပါ။ ထူးခြားမှတင်၊ မထူးခြားရင်မတင်နဲ့။ ဒါက ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တို့ သက်ဝင်ယုံကြည်ရာ မြတ်စွာဘုရားကိုရော သာသနာကို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်တွေ၊ မြင်အပ်၊ မမြင်အပ်သာသနာကို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်တွေက ပွဲအနားမှာ လာပြီးတော့ စောင့်ရှောက်တတ်ကြတယ်။ ဒါဘာသာကို ယုံကြည်သူ၊ ငါးပါး သီလယုံကြည်သူတွေက ပစ္စည်းတစ်ခုကျ ပျောက်သွားတာ တွေ့ရင် ပြန်ပေးတတ်ကြတယ်။ ခိုးရမှန်း၊ ဝှက်ရမှန်း မသိကြပါဘူး။ သာသနာပျောက်သွားမှာ စိုးလို့ ကျွန်တော်က ဈေးလာ ဝယ် သူတွေကိုအချိန်ကုန်ခံပြီးရှင်းပြပါတယ်။ ဒီလိုရှင်းပြရတာက ငှက်ပျော၊ အုန်း ရောင်းရ ရင်ပြီးရောဆိုတဲ့ သဘောမပါဘဲ ဗုဒ္ဓသာသနာကို ယခုခေတ် လူငယ်တွေ သက်ဝင်ယုံကြည် ကြပြီး မိဘ၊ ဘိုးဘွား၊ ဆရာသမားများကို အလေးထားလေးစားပြီး ရိုသေသမှုရှိကြဖို့၊ မိဘ၊ အဘိုး၊ အဖွားများရဲ့ ရှေးယဉ်ကျေးမှု၊ မိရိုးဖလာထိန်းသိမ်းမှု ရှိကြစေရန် စေတနာထားရှင်းပြရခြင်းဖြစ်ပါကြောင်း ငှက်ပျော၊ အုန်းရောင်းချနေသော ဦးခင်မောင်ဝင်း (မရမ်းကုန်း)က ရှင်းလင်းပြောပြလိုက်ပါတယ်။
| < Prev | Next > |
|---|